Jul 2, 2010

အမှတ်တရ သူငယ်ချင်းလေး

ကျမမှာဆွေကြီးဆိုတဲ့ သူငယ်ချင်းလေးတစ်ယောက်ရှိပါတယ။်လူပုံက ပိန်ပိန်ပါးပါး အရပ်ကမြင့်မြင့်
အသားဖြူဖြူနဲ့  အမှတ်တမဲ့ ကြည့်ရင် ရတနာ(NO)  လိုလို ဘာလိုလိုပေါ့။ သူ့ ကို သူငယ်ချင်းအားလုံးက
ချစ်စနိုးနဲ့  ဆွေကြီး လို့ ခေါ်ကြပါတယ်။ နာမည် အရင်းကတော့ သီတာဆွေပါ။ ချစ်စနိုးနဲ့ အဖျားဆွတ်
ခေါ်တော့ ဆွေကြီး ပေါ့ ။ သူငယ်ချင်းထဲမှာ မျိုးကြီးလို့ ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါသေးတယ်။
သူတို့ နှစ်ယောက်ဆုံတော့ ဆွေကြီးမျိုးကြီး လို့ကျမတို့ ကနောက်လေ့ရှိပါတယ်။



ဆွေကြီးမှာ သိပ်ချစ်စရာကောင်းတဲ့ အကျင့်လေးတွေရှိပါတယ်။ အမြဲရီစရာပြောတတ်တယ် ။
နောက်တီးနောက်တောက်နေလေ့ ရှိတယ်။ အစားကောင်း အသောက်ကောင်း စားရရင် သူငယ်ချင်းတွေကို အမြဲ သတိတရရှိတတ်ပါတယ်။ သူငယ်ချင်းတွေအပေါ် အနစ်နာခံတတ်တယ်။ သူ့ အိမ်လာလည်ဖို့ အမြဲ
ဖိတ်ခေါ်တတ်သလို သူ့ အိမ်ကပြန်လို့ရှိရင်လဲ ကျမတို့ အိမ်နားထိအောင် ပြန်လိုက်ပို့ ပေးတတ်တယ်။
အဲဒါကြောင့် တခါတလေ တစ်ယောက်နဲ့တစ်ယောက် ပြန်လိုက်ပို့ နေတာနဲ့ ပဲ လမ်းမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ နောက်ဆုံးတော့ နီးရာ အသုတ်ဆိုင်ဖြစ်ဖြစ် မုန့် ဟင်းခါးဆိုင်ဖြစ်ဖြစ်
ဝင်တွယ်လိုက်ကြပါပဲ။ ဘာမှလဲ မဆိုင်ဘူးနော်။

ကျောင်းရောက်တော့လည်း မတွေ့ ရတဲ့လူတွေအတိုင်း အမြဲတတွဲတွဲ မခွဲကြတာ အတန်းမတက်လို့ 
ဆပ်ပလီ ထိတဲ့အထိပါပဲ ။အတန်းတက်ပြန်တော့  မေဂျာကမတူပေမဲ့လည်း သူ့ အတန်းကိုယ်လိုက်ထိုင်
ကိုယ့်အတန်းကိုယ်လိုက်ထိုင်နဲ့ အတန်းထဲကလူတွေတောင် ကိုယ်တွေကိုဘယ်မေဂျာကအမှန်မှန်းမသိ
ယောင်နနဖြစ်ရတဲ့အထိပဲ။

ဆွေကြီးက တခါတလေ ပေါက်ကရလုပ်တတ်ပါသေးတယ်။ တခါက ကျမတို့ သူငယ်ချင်းတသိုက် ကဲန်တင်း
မှာထိုင်ရင်း ပိုက်ဆံရှင်းခါနီးကျတော့ စားပွဲထိုးနဲ့အပြိုင် ဆွေကြီးက ပိုက်ဆံတွက်ပါတယ်။
” တစ်ယောက်ကိုခြောက်ဆယ်..ခြောက်ယောက်ဆိုတော့ ခြောက်ခြောက်လီ လေးဆယ့်ခြောက်..
လေးရာ့ခြောက်ဆယ်..”
အမ်..သူကအော်ကြီးဟစ်ကျယ် တွက်ချလိုက်တာကြောင့် သူငယ်ချင်းတွေအားလုံး သူ့ ကိုဝိုင်းတွယ်ကြတယ်။
၃၆၀ပေါ့ဟဲ့..ဘယ်က၄၆၀ရမှာလဲ
ကိုယ်ယူထားတဲ့ မေဂျာကိုမှအားမနာ (ဆွေကြီးက သင်္ချာမေဂျာကပါ)
ဟွန်း ...သချာင်္မေဂျာကလို့ မပြောနဲ့ ရှက်စရာကောင်းတယ်
သချာင်္ကထိကနဲ့လာတွေ့  နေတယ်
ဆွေကြီး နင်ဂုဏ်ထူးတန်းဝင်မှာသေချာတယ်
ထိုသို့ တစ်ယောက်တစ်ပေါက် ၀ိုင်းတွယ်သံများကြားတွင် ဆွေကြီးတို့ အပြုံးမပျက် ။
သွား၃၂ချောင်းပေါ်အောင် ရီလျှက် စပ်ဖြဲဖြဲလုပ်နေသည်။လူကြီးရှက်တော့ရယ်သည် ဆိုတာဒီလို ထင်၏။

တခါကလည်း ဇီဝဗေဒဆောင်ရှေ့ ရှိ SEVEN ELEVEN (ဆဲဗင်းအလဲဗင်း)အမည်ရှိ မိထ္တူဆိုင်ရှေ့ တွင်
ထိုဆိုင်နာမည်ကို  အော်ကြီးဟစ်ကျယ် ဖတ်ချလိုက်တာကြောင့် လမ်းသွားလမ်းလာများ ပြုံးစိစိနှင့်
ဝိုင်းကြည့် ခြင်းကို ခံခဲ့ရသည်။
”နင်တို့ ကိုငါဖတ်ပြမယ် ဒီဆိုင်နာမည်ကSEVEN ELEVEN မဟုတ်ဘူး ELE  7 VEN (အလဲဆဲဗင်းဗန်း) ..”
ဟုတ်ပါသည်။ဆိုင်းဘုတ်တွင် ရေးထားသည်က သူပြောသလို  ELE7VEN ..   
လဲဗင်းကြားတွင်ဆဲဗင်းကို ညှပ်ရေးထားခြင်းပင်။ နောက်ချင်ပြောင်ချင်သည့်စိတ်ဖြင့် လုပ်လိုက်သော်လည်း ဆိုင်ရှင်က ချီးကျူးထောပနာ မပြုမီ သူငယ်ချင်းများအားလုံးထိုနေရာမှ လစ်လာခဲ့လေသည်။သူ့ ကြောင့်ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးခဲ့ရတာမျိုးလည်းရှိသည်။
နောက်ပိုစ့်များတွင်ကျမရေးပါဦးမည်။

ဒီလိုသိပ်ပျော်စရာကောင်းတဲ့ ဘ၀တွေက ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပြီ ။ကျမတို့ သူငယ်ချင်းတွေ ခွဲခွာခဲ့ရတာ
၅နှစ်ကျော်ခဲ့ပြီ။ သူငယ်ချင်းတွေအားလုံး ကိုယ့်ဘ၀ကိုယ်လျှောက်နေကြရတဲ့ အချိန်မှာ အရင်တုန်းကလို
ပျော်စ၇ာ အချိန်လေးတွေ ဘယ်တော့မှပြန်ရနိုင်တော့မှာမဟုတ်။ ဘာအစွန်းထင်းမှမရှိသော ထိုငယ်ဘဝ
လေးတွေကို တချိန်ပြန်ရဦးမည်ဆိုလျှင်၊ ချစ်သောသူငယ်ချင်းများနှင့် တချိန်ပြန်တွေ့ ခွင်ရမည်ဆိုလျှင်..
ကျမ ပြန်လိုချင်ပါသေးသည်။

အားလုံးကို ချစ်ခင်လေးစားလျှက်
ယွန်း








12 comments:

SHWE ZIN U said...

ဟုတ်ပ ညီမ သူငယ်ချင်းက ချစ်စရာကောင်းတယ် ပျော်စရာကြီး

နောက်ပိုစ် တွေလည်း စောင့်မျှော်နေမယ်

SHWE ZIN U said...

ညီမ အမ လင့်ခ် ကိုပြောင်းချိတ်ထားပေးအုန်းနော် အခု update မဖြစ်ဘူးဖြစ်နေတယ်

http://www.shwezinu.com

ဆင်တဲကဖေး said...

ဘာမှမဆိုင်ပေမယ့်  သူငယ်ချင်းတွေကို သတိရသွားတယ်

မောင် လေး said...

ဟုတ်တယ်ဗျ..။ပြန်တွေးမိတိုင်း တက္ကသိုလ်ကျောင်းသားဘဝကို၊သယ်ရင်းတွေ
ကို အရမ်းလွမ်းတယ်...။

ချစ်ကြည်အေး said...

အဲဒီ စိုင်းစိုင်းသီချင်း သူငယ်ချင်းတယောက် အမဆီကို ပို့ဖူးတယ်....အဖြူစင်ဆုံးအချိန်ဆိုတော့ ဘာဖြစ်ဖြစ် ပျော်နေခဲ့ကြတာပါပဲ....:)

ဏီလင်းညို said...

ယွန်းရေ......

ခုချိန်မှာပြန်မရနိုင်တော့ပေမယ့်.......သူငယ်ချင်းတွေနဲ့ ပတ်သတ်ခဲ့ရတဲ့ အဖြစ်လေးတွေက ပြန်တွေးမိတိုင်း....လွမ်းစရာပဲဗျာနော့်.....။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

မြစ်ကျိုးအင်း said...

ပြန်တွေ့ကြရင်တောင် အရင်လို ဘဝတော့ မရနိင်တော့ပါဘူး။
အချိန်တွေက နုပျိုလတ်ဆတ်ခြင်းနဲ့ ဖြူစင်တဲ့ ဘဝကို တိုက်စား သွားခဲ့ပါပြီ။

လင်းခေတ်ဒီနို said...

ယွန်းရေ

သူငယ်ချင်း ဆိုတော့ တကယ်ကို တမ်းတမိတယ် အဝေးရောက်လေ သူငယ်ချင်းတွေနဲ့ ပျော်ရွင်မှုကို ပိုတမ်းတသတိရမိလေးပါပဲဗျာ

ယွန်း said...

SHWE ZIN U..>>> လင့်ခ်ပြောင်းထားတာကို သတိမထားမိ
ဖြစ်သွားတယ်..ပြန်ပြီး အက်ပဒိတ်လုပ်လိုက်ပြီ..ကျေးဇူးပဲနော်အစ်မ..

ပေါ့ဆိမ့် said...

သူငယ်ချင်း .....

ကျွန်တော် တို့ လည်း လင့် လိုက်တယ်ဗျာ ...

အင်ကြင်းသန့် said...

ယွန်းရေ....ဒီပိုစ့်လေးကို ဖတ်ပြီး သူငယ်ချင်းတွေကို လွမ်းသွားရပြီ။

မြတ်မွန် said...

သီချင်းလေးနဲ့ ပိုစ့်လေး လိုက်တယ်..
အရမ်းကို သတိရတယ် ယွန်းရေ...
အထူးသဖြင့်
ကျောင်းတက်ချိန်တွေပေါ့ ယွန်းရေ..။

About me

Blogger templates