Jul 12, 2010

တခါတရံတွင် အချစ်သည် ဤသို့ .........

ဆန္ဒ
ရင်နှင့်အမျှ
မြင်ခွင့်ရလျှင်...
သခင် သိသင့်တယ်...


 အခန်း(၁)

"မှန်းစမ်း..ဘာတွေရေးနေတာလဲ.."


 နောက်ပါးဆီမှ   အသံနှင့်အတူ  လက်ထဲမှရေးလက်စ စာရွက်ကို ဆွဲလုခြင်းခံလိုက်ရသည် ။
တပိုင်းတစ ကဗျာစာရွက်လေးမှာ  ညို ၏လက်ထဲသို့ ရောက်သွားရပြီ ။နှင်းပြန်ဆွဲလုတော့
ညိုကလေထဲတွင်ဝှေ့ ယမ်းရှောင်တိမ်းရင်း စာရွက်ကိုသဲကြီးမဲကြီးဖတ်၏ ။


"ဆန္ဒ..........ရင်နှင့်..အ...မျှ.....မြင်ခွင့်ရလျှင်...သခင် သိ...သင့်တယ်...အံမာ ဘယ်ဆိုးလို့ တုန်း
ကဗျာဆရာမလေးရဲ့ ....ဒီမှာလာပြီး ရင်ဖွင့်နေတယ်ပေါ့လေ...."


သူငယ်ချင်းတွေအကုန်လုံး နှင်းမျက်နှာကို ပြုံးစိစိ ၀ိုင်းကြည့်ကြတော့ နှင်း မနေတတ်တော့ ။


"မဟုတ်ပါဘူး..နင်တို့ မလာသေးတော့ တစ်ယောက်တည်းပျင်းနေတာနဲ့  ကဗျာထိုင်ရေးနေတာ.."


"မညာပါနဲ့ ဟာ..နင် ညီလေးကိုသတိရနေတာမဟုတ်လားးးး"


"အေးလေ..နင်ကလဲ သူငယ်ချင်းတွေ ဒီလောက် အောင်သွယ်ပေးနေတာတောင် မူနေသေးတယ်"

'"ညီလေးကလဲနင့်ကို ချစ်နေတာ ငါတို့ အားလုံးသိနေတာပဲ..'"


နှင်းတို့ သူငယ်ချင်းအားလုံး ချစ်စနိုးနှင့်ခေါ် သော အမည်ပိုင်ရှင် စစ်ညီမှာ သူ့ သူငယ်ချင်းများနှင့်
အတူ နှင်းတို့ ရှိရာ ခုံတန်းသို့  လှမ်းလာနေလေပြီ။ ရင်ထဲ စစ်ခနဲ နာကျင်သွားသည်။
ရင်ထဲက လောလောလတ်လတ် ဒဏ်ရာလေးတွေ မကျက်သေးမီ နှင်း သူ့ ကို မတွေ့ ချင်ပါ။
ဒီပုံနှင့် နှင်းကို သူတွေ့ သွားလို့ မဖြစ်။

" ငါ ဒီနေ့  ကျူတိုရီရယ်ရှိတယ်ညို... ငါသွားတော့မယ်..."


ညို လက်ထဲမှ စာရွက်လေးကို ဆတ်ခနဲ ဆွဲယူရင်း ထိုနေရာမှ မြန်မြန်ထွက်လာခဲ့သည်။
ဖြစ်ချင်တော့ စာရွက်လေးက တပိုင်းပြတ်လျက် ညို့ လက်ထဲတွင် ကျန်ခဲ့သည်ကို နှင်းသတိမထားမိခဲ့ ။

ခဏကြာတော့ နောက်ပါးဆီမှ ခြေသံခပ်သဲ့သဲ့ကြားရသည် ။ညီလေးမဟုတ်ပါစေနဲ့ လို့ ဆုတောင်းရင်း
ခြေလှမ်းကို ပို၍ခပ်သွက်သွက် လှမ်းလိုက်သည်။ ခြေသံပိုင်ရှင်က နှင်း၏ဘေးသို့ ရောက်လာ၏။
 ထင်တဲ့အတိုင်း ညီလေး ဖြစ်နေသည်။

""နှင်း...နင်အတန်းသွားတက်မလို့ လားး""

"အေးး"

'ငါလိုက်ပို့ ပေးမယ်လေ...'

"မလိုပါဘူးး"
လိုအပ်တာထက်ကို ဘုတောပစ်လိုက်သည်။

"နင်ငါ့ကို တစ်ခုခု စိတ်ဆိုးနေလားး"

"ဘာလို့ ဆိုးရမှာလဲ .."

"မဆိုးရင် နင်ဘာဖြစ်နေတာလဲ ငါသိချင်တယ်..ခုတလောနင်..ငါ့ကို..."

"ငါနောက်ကျနေပြီ..နင်ပြောစရာရှိရင် နောက်မှပြောဟာ...ဒီနေ့  ငါစာမေးပွဲရှိတယ်.."

သူ့ ကိုကျောခိုင်းသွားသော  နှင်းကို ခပ်တွေတွေ ငေးကြည့်ရင်းရပ်ကျန်ခဲ့၏ ။
နှင်းမျက်နှာဟာ သိသိသာသာ နီမြန်းနေတာ ညီလေးသတိထားမိသည်။ တခုခုကို စိတ်တိုနေသလိုလို
နာကျင်ကြေကွဲနေသလို လို ..ခန့် မှန်းရခက်၏။

"ဘာဖြစ်နေလဲနှင်းရယ်..."

အခန်း(၂)

"နင်နဲ့  ညီလေးနဲ့  ဘာဖြစ်နေကြတာလဲ .."

"ဘာဖြစ်လို့ လဲ ညိုရဲ့ ..."

"နင်ကလဲ ညီလေးကိုတွေ့ ရင် ရှောင်ထွက်သွားရော...
ဟိုကလည်း နင်ထွက်သွားရင် ကြက်ကြီးကို လည်လိမ်ထားသလို ဘာစကားမှမပြောတော့ပဲ
လဒမှိုင် မှိုင်ပြီးကျန်ခဲ့ရော..ငါတို့ ကကြားထဲကနေရခက်တယ်..
 ပြီးတော့ နင်ဟိုနေ့ က ကျန်ခဲ့ တဲ့ စာရွက်ပိုင်းလေး ငါညီလေးကိုပေးလိုက်တယ်..အဲဒါကြောင့်
သူပျော်ပြီးနင့်နောက်ကို လိုက်သွားတာ ..သူလဲနင့်ကိုချစ်နေတာကြာပြီတဲ့ ..သူ့ သူငယ်ချင်းတွေ
ပြောတယ်...သူလိုက်လာတော့ နင် သူ့ ကို အော်လွတ်လိုက်တယ်ဆို
နင်တို့ နှစ်ယောက်က ဘာမှန်းမသိဘူးးသူငယ်ချင်းတွေ အရင်ကလို ပျော်ရွှင်နေတာပဲမြင်ချင်တယ်ဟာ..""

""ငါလဲပျော်ချင်ပါတယ်ဟာ... ဒါပေမဲ့ ငါတို့ အဖြစ်က ပျော်လို့ မှမရတာ..အဲဒါကြောင့်
ကိုယ့်ဆန္ဒ ကိုယ်တားနေရတာ...""

""ဘာဖြစ်နေလို့ လဲ  နှင်းရယ် ငါ့ကိုပြောပြပါလားး""

""မသိချင်ပါနဲ့ ဟယ်..သိလဲ ဘာမှလုပ်ပေးနိုင်တာမှ မဟုတ်တာ...""

နှင်းအသံက တကယ်ကို အားဆုတ်လျော့ရဲနေသလို နှင်းမျက်နှာမှာလည်း ကြေကွဲဝမ်းနည်းနေသယောင်။

""ဘာလဲ..နင့်ကို အိမ်က ယောကျာ်းပေးစား တော့မှာမို့ လားး ""

""မဟုတ်ပါဘူး ညိုရယ် ... ငါတို့ နှစ်ယောက်က ဘယ်တော့မှလည်းဆုံလို့ မရဘူးး ငါတို့ ကြားမှာ စည်းတစ်ခု

""ဘယ်လိုမျိုးလဲ...ရင်ဆိုင်လို့ ရရင် ရင်ဆိုင်လိုက်ကြရအောင်ဟာ...ငါတို့ လည်း တတ်နိုင်သလောက်
ကူညီမှာပေါ့ဟ...နင်တခြားသူတွေကို မပြောချင်ရင် ငါ့ကိုတော့ပြောပြဟာ..နော်...
ငါဘယ်သူ့ မှမပြောဘူးးးနင်လဲ တစ်ယောက်တည်း ခံစားနေရတာထက်စာရင် ငါ့ကိုပြောလိုက်တော့
နင့်ရင်ထဲ သက်သာသွားအောင်လို့ ပါဟာ..."""

နှင်း မျက်ဝန်းမှ မျက်ရည်များခိုတွဲလာသည်။

""ညိုရယ်...အမှန်ပြောရ၇င် ညီလေးကို သူငယ်ချင်း သံယောဇဉ်ရော .. ချစ်သူလိုရော ငါချစ်ပါတယ်..
ဒါပေမဲ့ ...ဒါပေမဲ့ဟာ...ငါက ခရစ်ယာန်တစ်ယောက်လေ...ဘာသာမတူတဲ့ ငါတို့ နှစ်ယောက်ကို
နှစ်ဘက်မိဘတွေကသဘောတူမှာမဟုတ်ဘူးဆိုတာ ငါသိနေတယ်...""

""နှင်းရယ်..."""

ညိုမှာ ဘယ်လို အာပေးနှစ်သိမ့်ရမှန်း မသိ။ နှင်းကိုသာ သနားဂရုဏာသက်စွာ ကြည့်နေမိတော့လေသည်။

အခန်း(၃)

ကန်ရေပြင်သည် ငြိမ်သက်နေ၏ ။ ကန်ရေပြင်ပေါ်သို့ ကြွေကျလာသော သစ်ရွက်ခြောက်လေးကြောင့်
ရေပြင်လေးမှာ အနည်းငယ် လှုပ်ရှားသွားရသည် ။ နှင်းရင်ထဲသို့  ဖြူစင်သန့် ရှင်းစွာ ၀င်ရောက်လာသော
ညီလေးမှာ ကန်ရေပြင်ပေါ် ကြွေကျလာသော သစ်ရွက်လေး သာဖြစ်ပါစေလို့  နှင်းဆုတောင်းနေမိသည်။
သို့ ပေမဲ့  ညီလေးနှင့် နှင်းအကြားက သံယောဇဉ် အတိမ်အနက်ကိုတော့  နှင်းတို့ နှစ်ဦးသာ သိနေပါသည်။
ညီလေးဘက်က ဘယ်လိုပဲဖြစ်ဖြစ် နှင်းက ညီလေးကို သိပ်တွယ်တာမိခဲ့တယ်ဆိုတာ နှင်းဝန်မခံချင်ခဲ့ပါ ။

"ညီလေးလုပ်ပုံက မမိုက်ဘူးဟာ...""

""အေးလေ..""

""ဘာလုပ်တာမှန်မသိဘူးး တကယ်ကြိုက်တာလည်းမဟုတ်ပဲနဲ့ သူနှင်းကိုချစ်တာ ငါတို့ လဲသိနေတာပဲဟာ""

သူငယ်ချင်းများ တစ်ယောက်တစ်ပေါက်ပြောရင်း နှင်းထိုင်နေသော ကန်ဘောင်နားသို့ ရောက်လာကြသည်။

""နှင်း နင်တွေ့ ပြီးပြီလားး ညီလေးကို..""

""ဘာဖြစ်လို့ လဲ..."""

"""ဟိုမှာ ညီလေးရီးစားရသွားပြီ..."""

''ဟုတ်လားးး'""
နှင်းရင်ထဲဆို့ နင့်သွားသည် ။ ဒါပေမဲ့ နှင်း ပြုံးနိုင်ပါသေးတယ် ညီလေးရယ်..။

'''အေးလေ..ဟိုကောင်မလေးကို ကြိုက်တာလည်းမဟုတ်ပဲနဲ့....ရည်းစားသာထားတာ
ပျော်နေတဲ့ပုံလည်း မပေါက်ဘူးး ကြက်ကြီးလည်လိမ်ထားသလိုပဲ စိတ်ညစ်နေပုံရတယ်..'''

'"အေးလေ...နှင်းရယ်...သူတကယ်မကြိုက်တာ သူငယ်ချင်းတွေအားလုံးလဲ သိနေတာပဲ.."""

""အေးလေ..ဘာထွင်မှန်းမသိဘူးးး ကောင်မလေးကတော့ သူ့ ကို ကြိုက်ပုံရတယ်....""

သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက်ပြောနေခိုက် နှင်းက ညို့ ကို ခပ်တိုးတိုး ကပ်မေးသည်။

''အခုသူ့ ကောင်မလေးက  ဗုဒ္ဓဘာသာ မဟုတ်လားဟင် ညို...''

 ညိုက အားတုံ့အားနာပုံနှင့် ခေါင်းငြိမ့်သည်။ နှင်းနုတ်ခမ်းတို့ လျော့ရဲစွာ ပြုံးသွားကြသည် ။
ညီလေးရယ်..ငါဝမ်းသာပါတယ်ဟာ .. နင်တို့ ပျော်ရွှင်ကြပါစေလို့  ငါဆုတောင်းပါတယ်...
 ဘေးမှ သူငယ်ချင်းများကတော့ ညီလေးနှင့် ပတ်သတ်ပြီး ငြင်းခုန်ပြောဆိုနေကြမြဲ ။
ကန်ရေပြင်ပေါ်မှ သစ်ရွက်ကလေးမှာ လေတိုက်ခတ်မှူကြောင့် ရေပြင်ပေါ်တွင် ဝေ့ကာ ၀ိုက်ကာ
ပြေးနေမြဲ ။ ကန်ရေပြင်လေးမှာလည်း ငြိမ်သက်မှူ မရှိ လှူပ်ရှားနေမြဲ ။

တခါတရံတွင် အချစ်သည် ဤသို့ ..ဖြစ်တတ်ပါသည် ။

(ကျောင်းတုန်းက သူငယ်ချင်းနှစ်ယောက်ရဲ့  အချစ်ဇာတ်လမ်းလေးကို ခံစားရေးဖွဲ့ ပါသည်။
ဒီသီချင်းလေးနားထောင်ပြီး သူတို့ နှစ်ယောက်ကို သတိရသွားလို့ပါ..)

ချစ်ခင်လေးစားစွာဖြင့်
ယွန်း











6 comments:

သူကြီးမင်း (တုံးဖလား) said...

အင်း... တစ်ခါတစ်ရံတော့လဲ အချစ်က ဒီလိုပါဘဲ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ အချစ်က ဒီလိုမဟုတ်ဘူး။ အချစ်မှာ အရောင်အဆင်း၊ ဘာသာ လူမျိုး ဆင်းရဲ ချမ်းသာ ဘာတစ်ခုမှ မရွေးဘူးတဲ့။

Anonymous said...

ဘာသာ မတူ လူမျိုးမခွဲ ဘဲချစ်တာ အချစ်တဲ့

ရွှေစင်ဦး

နေ၀သန် said...

မယွန်းရေ.... ဖတ်လို့ကောင်းတဲ့ ၀တ္ထုလေးဗျာ..း)))))


ခင်မင်တဲ့
နေ၀သန်

မောင် လေး said...

အင်း..ဘာသာမတူတာက တချို့အတွက်တော့ အတော့ကို ပြဿနာ ရှိတယ်။
တချို့အတွက်ကတော့ အချစ်ရဲ့အင်အားနဲ့ကျော်လွှားနိုင်ကြတယ်...။
ဖတ်ရတာ စိတ်မကောင်းစရာ...

အင်ကြင်းသန့် said...

အင်း....ပြောရခက်သား ယွန်းရေ...ဘာသာမတူဘဲ ယူပြီးတော့ အဆင်ပြေတာတွေလည်း တွေ့ဘူးတယ်။ အဆင်မပြေတာတွေလည်း တွေ့ဘူးတယ်။ ဂျင်းရဲ့ အစ်မ၀မ်းကွဲ အစ်ကိုဝမ်းကွဲတွေထဲမှာလည်း အများကြီးရှိတယ်။ အဓိကကတော့ အချစ်နဲ့နားလည်မှုလို့ထင်တာပါပဲ....

လသာည said...

နိဒါန်းအစ ကဗျာလေးကစပြီး စိတ်ဝင်စားသွားတယ်။ ဘာသာရေးမတူလို့ ကွဲကွာသွားရတဲ့ ဇာတ်လမ်းတိုင်းကို စိတ်မကောင်းဘူး။ လာလည်သွားတာ ကျေးဇူးတင်ပါတယ် နော် ယွန်း

About me

Blogger templates