Sep 1, 2010

အမေရိကန်မြန်မာ အဆိုတော်နှင့် တွေးမိတွေးရာ

အမေရိကန် မြန်မာ အမျိုးသမီးအဆိုတော် Robin Natalise Chow တဲ့ ..




(  မိုက်တယ်...မိုက်တယ် ...မိုက်တယ်....
သူ့ သီချင်းတွေ နားထောင်ချင်ရင်  
www.myspace.com/natalise  
   www.natalisemusic.com    မှာ သွားေ၇ာက် နားဆင်နိုင်ပါတယ်   )

မြန်မာမလေးတွေ အနောက်တိုင်းမှာ ခုလိုထိုးဖောက်နိုင်လာတာတွေ့ တော့ 
စိတ်ထဲဝမ်းသာရမလို ဂုဏ်ယူရမလိုပါပဲ ။ ဒါပေမဲ့ သူက မြန်မာစကားကို နားလည်ရုံပဲရှိပြီး 
မပြောတတ်ပါဘူးတဲ့ ။ ဘာကြောင့် မြန်မာလို မလေ့လာပါသလဲ လို့ မေးတဲ့အခါ  အမေရိကားမှာ မြန်မာလို သင်တဲ့ကျောင်း  မရှိလို့ပါတဲ့ လေ...။
Voice: Why don’t you learn Myanmar language?
Nat: I do understand Myanmar language, it’s just that I can’t speak it fluently. There’s no Myanmar language teaching school in America.
အင်း.. မြန်မာမလေးတစ်ယောက် မြန်မာလိုမပြောတတ်တာ ၀မ်းနည်းစရာ လို့ တွေးလိုက်မိတယ်။   

ကျမတွေ့ ဖူးတဲ့  မြန်မာပြည်သားကလေးတွေ (အမေရိကန်မှာ ကြီးတဲ့ကလေးတွေ) အများစုဟာ
မြန်မာစကားကို ကောင်းကောင်း မတတ်ကြဘူး ။ အဲလိုလေးတွေမြင်တိုင်း  ကိုယ့်ကလေးအတွက်
စိတ်ပူမိတာအမှန်ပဲ ။ မြန်မာလို မပြောတတ်မရေးတတ်မှာစိုးလို့  ကလေးကိုယ်ဝန်စရကတည်းက
မြန်မာပြည်ကလှမ်းပြီး သင်ပုန်းကြီးမြန်မာဖတ်စာ စာအုပ်တွေ လှမ်းမှာတော့ ကျမကို တချို့ တွေက
ရူးနေလားဆိုတဲ့ အကြည့်နဲ့ ကြည့်ကြပါတယ်။ 


ဘာပဲဖြစ်ဖြစ်  လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ် မဟုတ်လား။ ကျမကတော့ ကျမကလေးအတွက်
မြန်မာစာ ..မြန်မာစကား (ကြေငြာတာမဟုတ်)၊ အရေး အဖတ် ၊ အပြော အားလုံးကို ရအောင်
သင်ထားမယ်လို့  ဆုံးဖြတ်မိတာပဲ။ 


တချို့ များကျတော့ အမေရိကန်မှာနေတာပဲ မြန်မာစာဘာလုပ်မှာလဲ..လို့ မေးကြတယ်။
အဲလိုကျရင် ကျမက တတ်ထားစေချင်လို့ ပါလို့  ပဲ ပြန်ဖြေပါတယ်။ တကယ်တမ်းကျတော့ 
အဲဒိထက်ပိုပါတယ် .. သူတို့ လေးတွေကြီးပြင်းလာရင် မြန်မာပြည်ကို အလည်ခေါ်သွားပြီး
ဒါနင်တို့ မိဘတွေ မွေးဖွားခဲ့ တဲ့မြေရယ်ပါ လို့  ပြချင်သေးတယ်။
မြန်မာလူမျိုးတွေနဲ့  စကားတွေပြော စေချင်သေးတယ် ။ 
မြန်မာစာအုပ်တွေ ပေးဖတ်ချင်မိသေးတယ်။
ဒီလိုဆိုရင် ကလေးတွေအပေါ် ကျမသိပ်ပြီးများ လောဘကြီးရာရောက်နေမလား ။
ယုတ်စွအဆုံးရှင် ....မိန်းမပေးစား၇င်တောင်မှ ကိုယ်လူမျိုးထဲကပဲ ဖြစ်စေချင်နေမိတယ် ။


သူငယ်ချင်းတစ်ယောက်ရဲ့ သမီးလေးက မြန်မာလို ကောင်းကောင်းမပြောတတ်ဘူး ။
တွေ့ တဲ့သူမှန်သမျှကို e လိုပဲပြောတယ် .. ဒါကို ကျမသူငယ်ချင်းက ဂုဏ်ယူတယ် ..။

တွေ့ လား ...မြန်မာလို တောင်ပြောတာမဟုတ်ဘူးး Eလိုပဲ ပြောတော့တာ..
မြန်မာလိုတောင် ပီတာမဟုတ်ဘူးး ဟင်းဟင်းဟင်းးးးး


သူက လူအများရှေ့ မှာ အဲလို အမြဲ ဂုဏ်ယူပြောဆိုတတ်တယ်..အဲဒိစကားတွေက ကျမရင်ကို 
ပုတ်နိုးလိုက်သလိုပဲ ...သားသားကြီးလာရင် အိမ်မှာ မြန်မာလိုပြောပါ ..မြန်မာလို မပြောလျှင် 
ဒဏ်ငွေ ဘယ်လောက် ..မုန့် ဖိုးထဲက ဖြတ်မည် ...လို့ စာကပ် ထားရမယ်လို့  ကျမတွေးလိုက်မိပါတယ်

ကလေးအချင်းချင်း ဆော့ရင်တောင်မှ Eလိုပဲပြောကြတယ် ။ တခါတလေ .. ကလေးတွေဆော့နေတဲ့အနား 
ကျမ သွားထိုင်ပြီး အသာလေး နားထောင်ကြည့်တယ် ။ မျက်စိမှိတ်ထားရင်  မြန်မာကလေးတွေ ပြောတဲ့
အသံလို့ တောင်မထင်ရဘူးး ပီသလွန်းလို့  .. မြန်မာလို ပြောခိုင်းတဲ့ လူကြီးတွေ ရှေ့ေ၇ာက်ရင် 
သူတို့ မြန်မာလိုပြောတယ် ..အထစ်ထစ် အငေါ့ငေါ့နဲ့ပါ ။  ကိုယ့်ဘာသာကျတော့ ထစ်ငေါ့နေပြီး
ဘိုလိုကျတော့ မွှတ်နေတာ သင်တဲ့လူကြီးမိဘတွေကပဲ ညံ့နေလို့ လား လို့ ကျမ မချင့်မရဲ ဖြစ်မိတာ အမှန်ပါ။

 ဒီလိုမျိုးလေးတွေ ကြုံရလေလေ သားသားကို မြန်မာ စာ အပြော၊အရေး၊ အဖတ် သင်ပေးဖို့  ပြင်းထန်
လာလေလေပါပဲ ..။ တစ်နေ့ တစ်ချိန် မွေးရပ်မြေကို ပြန်တဲ့အခါ ..သားသားလေးဟာ မြန်မာလို 
ကောင်းကောင်းရေးတတ်  ၊ပြောတတ် ၊ဖတ်တတ် စေဖို့ ကိုပဲ ကျမရင်ထဲ အကြိမ်ကြိမ် မျှော်လင့် 
နေမိတော့တာပါပဲ..။


လူတိုင်း..လူတိုင်း ..ကိုယ့်စာပေ ကိုယ့်ဘာသာစကားကို မြတ်နိုး  တန်ဖိုးထားနိုင်ကြပါစေ ..လို့ 
ဆန္ဒပြုပါတယ် ။


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

ဒီမှာ မူရင်းလင့်ခ်ပါ 

32 comments:

Anonymous said...

မြန်မာ မိခင်ကောင်းတစ်ဦးပါပဲဗျာ လေးစားတယ် ဒီလိုစိတ်ဓာတ်မျိုးကို ။


မောင်မျိုး

ဇောင်း said...

မြန်မာ အမျိုးအနွယ်တစ်ယောက်ယောက်ကို မြန်မာစကား ပြန်သင်ပေးရမယ်ဆိုရင်တော့ တစ်မျိုးဖြစ်နေမယ်နော်
ဘယ်ဆီကိုရောက်ရောက် မိခင်ဘာသာစကားကိုတော့ မမေ့တာအကောင်းဆုံးပဲဗျ :)
ZaunG

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် ယွန်းက သားရှင်ပေကိုး
ကိုယ့် အမျိုး၊ ကိုယ့်ဘာသာစကားကို လေးစားချစ်ခင်တဲ့ စိတ်အတွက် ၀မ်းသာ ဂုဏ်ယူပါတယ်.. ယွန်းရေ...
ကြိုတင်စရံသတ်သွားတယ် ယောက္ခမကြီး ဟိဟိ
မြန်မာမိန်းခလေးနဲ့သာ ပေးစားချင်တယ်ဆိုလို့ ၀မ်းသာအားရ ယောက္ခမကြီးလို့ ခေါ်သွားပါကြောင်းနော်..
ချွေးမ ရှာမယ်ဆိုရင် သတိရလိုက်နော်..း))

ကိုအောင် said...

ကလေးကို မိခင်ဘာသာစကား သင်ပေးတဲ့အတွက်
ဂုဏ်ယူပါတယ်ဗျာ။

မေပယ်လ် said...

အင်း..
ဘီလို ပြောရမှန်းတောင် မသိတော့ဘူး
ဒါပေမယ့် နောင်တစ်ချိန် ဒီလိုပုံတူမျိုးတွေ
နောက်ပိုင်း လက်မခံချင်လဲ ပိုပို လက်ခံလာကြရတော့မှာ

ချစ်ကြည်အေး said...

ဟုတ်တယ် ယွန်းရေ...အမလည်း အဲလို မြန်မာကလေးတွေ တွေ့ရင် မြန်မာလို သိတ်တတ်စေချင်တယ်...မိဘတွေကလည်း မသင်အားလို့ပဲလား.. ကိုယ့်မိခင်ဘာသာစကားထက် အင်္ဂလိပ်စကားမှာ အရမ်းကျွမ်းကျင်နေတာ တွေ့ရတော့ ရင်ထဲ မကောင်းလိုက်တာလေ...

နွေဆူးလင်္ကာ said...

မြန်မာမလေးတဲ့လား .. ကောင်းပါတယ်

မောင်မောင် said...

မ(ယွန်း) ရေ
အဲသလို အဖြစ်မျိုး ကျွန်တော်ဒီနိုင်ငံမှာတွေ့ ရပါသေးတယ်။
သူက အမေရိကန်သံရုံးက အရာရှိပေါ့ဗျာ။
ကျွန်တော့် ကို ဗမာပြည်ကလား ဆိုပြီး အင်္ဂလိပ်လိုတွေ ပြောကြတယ်။
ကိုယ်လဲ သူတော့ ဗမာလိုတတ်မှာပဲ လို့ မေးတော့ မြန်မာလို မတတ်ဘူး
လို့ သိရတာ စိတ်မကောင်းဘူး။
အလုပ်ကိစ္စ နဲ့ သူ့ ဆီသွားယင် ဗမာအချင်းချင်း အင်္ဂလိပ်လို ပြောနေရတာ အတော်ဖီလင်အောက်ပါတယ်ဗျာ။
သူ့ လေယူလေသိမ်းကလဲ အမေရိကန်ပေါက် အမေရိကန်လေသံမထွက်ဘူး ဆိုတာ ရိပ်မိကတည်း က မြန်မာစကားမပြောချင်လို့  တမင်တကာ မတတ်ဘူးလို့လိမ်ပြောတာမျိုးပေါ့။

ချိုကျ said...

ယွန်းရေ.... စိတ်ဓာတ်ကိုလေးစားမိပါတယ်ခင်ဗျား....

ခင်တဲ့(ချိုကျ)

ယွန်း said...
This comment has been removed by the author.
ယွန်း said...

ချော@>>>>>> မချောကတော့ ရှေ့ဆုံးမျာ ကျောက်ပျဉ်ရွက်ပြီး စောင့်နေပြီ..ခမည်းခမက်တော်ချင်သူများ၊ ယောက္ခမတော်ချင်သူများ မချောနောက်က အဆင်ပြေသလို ၀င်ပြီးတန်းစီ လိုက်ကြပါနော်...ဟီဟိ..

ကိုအောင်(ပျူနိုင်ငံ)@>>> ကျေးဇူးပါ..

ကိုမေပယ်လ်@>>> ဟုတ်တာပေါ့ ..တဖြည်းဖြည်း လက်မခံချင်လဲ လက်ခံလာရမှာပါပဲလေ...

မချစ်ကြည်အေး@>>>ညီမလဲ မ လိုခံစားမိလို့  ဒီလို ရေးလိုက်မိ တာ မရေ...


ကိုမောင်မောင်@>>>အော်..ဒီလိုမျိုးလဲ ရှိသေးတယ်နော်..

ကိုချိုကျ @>>> ကိုဇောင်း@>>>မောင်မျိုး@>>>ကျေးဇူးပါ..

blackroze said...

အမရဲ့မြန်မာပီသတဲ့စိတ်ဓါတ်ကိုလေးစားတယ်...
ဘယ်နေရာမှာဘဲရောက်နေနေ...
ကျမတို့ကမြန်မာပြည်မှာမွေးဖွားလာတဲ့သူတွေဘဲ
မြန်မာပြည်ဆင်းရဲ..ချမ်းသာ...ဘာဘဲဖြစ်နေနေပါ
ကျမတို့ကမြန်မာပြည်ကလာခဲ့တာဘဲလေ..မဟုတ်ဘူးလား

TTS said...

အိမ်မှာမြန်မာလိုဘဲ ပြောခိုင်းပါ မိဘက လဲ မြန်မာလို မပြောရင် ဘာ မှမလုပ်ပေးဘဲ မကြားသလိုနေရင် သူတို့ မြန်မာလို ပြောအကျင့်ရသွားပါတယ် အဓိက မိဘ က အိမ်မှာ Eလိုသုံးဒါ အကျင့်ပေးမလုပ်နဲ့

မြတ်နိုး said...

အမှန်က မြန်မာမိဘတွေက မယောင်ရာဆီလူးကျတာ..

မြန်မာပြည်မှာပဲကြည့်လေ.. တ၇ုပ်တွေ အားလုံးနီးပါး စာမတတ်တောင် တရုပ်လို ပြောတတ်ကြတယ်။
ကုလားတွေရောဘာထူးလဲ။
မြန်မာစာသင်တဲ့ကျောင်း ရှိတာ မရှိတာနဲ့မဆိုင်ဘူး မိဘနဲ့ပဲဆိုင်တာ။ အနဲဆုံးတော့ မြန်မာလိုပြောတတ်အောင်မိဘတွေက လုပ်ပေးသင့်တာပဲ။ ကျောင်းမှာ ပဲအဲ့ဒီနိုင်ငံဘာသာစကားပြောပစေပေါ့. မိဘနဲ့ဆို ရင် မြန်မာလိုပြော..ဘာဖြစ်မှာလိုက်လို့။

ဒီမှာတော့ သူငယ်ချင်းကလေးတွေတော့ ဒီမှာမွေး ဒီမှာကြီးပေမဲ့ ဘုရားလဲရှိခိုး မြန်မာလိုလဲ နားလည်သလို ပြောနိုင်တယ်။ မြန်မာစာသာ မဖတ်နိုင်သေးတာ

မိဘနဲ့ပဲဆိုင်တာပါ။

ဇော်သိင်္ခ said...

မြန်မာလူမျိုး မြန်မာသွေး တွေ ပါနေတယ်ဆိုရင်တော့ မြန်မာလိုပြောတက်မှ ရေးတက်မှ ပိုပြီးကောင်းမယ်ထင်တယ်ဗျ..နော်.. ဒါတော့ မိဘတွေပေါ်မှာ မူတည်တယ် ဆိုတာ မှန်ပါတယ်ဗျာ...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

အုပ်ကြီး said...

ဟုတ်ပါတယ်ဗျာ ..
ကိုယ့်စာပေ ၊ကိုယ့်ဘာသာစကား
အကျိုးအတွက် ဒီအတွေးကတန်ဖိုးရှိလှပါတယ်ဗျာ

ခင်မင်လေးစားလျှက်
အုပ်ကြီး

အင်ကြင်းသန့် said...

ယွန်းရေ....ငါ့သူငယ်ချင်းလေးရဲ့ စိတ်ဓါတ်ကိုလေးစားမိတယ်။ သားသားကိုစာသင်ဖို့ ဆရာမလိုသေးရင် ပြောနော်။ :)))

မိုးခါး said...

တွေးတာချင်းတူနေတယ် အစ်မရေ ..း))
အဖေမြန်မာ အမေမြန်မာ ကနေ မွေးဖွားလာပြီး ကလေးက မြန်မာစကားမတတ်ဘူး ဆိုတာတော့ မဖြစ်သင့်ဘူးထင်မိတာပါပဲ .. စိတ်ကူးတွေ အကောင်အထည်ပေါ်လာစေဖို့ ဆုတောင်းပေးပါတယ်နော် ..း)

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်

မြန်မာမလေးတွေ မြန်မာလိုလှစေချင် မြန်မာလိုပြောစေချင်တဲ့ ယွန်းကို ဂုဏ်ယူလေးစားပါတယ်ကွယ်။

မြတ်မွန် said...

ယွန်းရေ..သူ့စတိုင်လေးက အင်္ဂလိပ်မလိုပဲနော်..မိုက်တယ်။

ဘာသာစကားဆိုတာ အကုန်တက်ထားသင့်ပါတယ်..။
ဘယ်သွားသွား အဆင်ပြေတယ် အံဝင်ဂွင်ကျ ဖြစ်တယ်။ သူများ အလိမ် မခံ ရတော့ဘူးပေါ့ရှင်။

သားသားလေးကို မြန်မာလို သင်ပေးမယ့်
စိတ်ဓာတ်လေးက
ချီးကျူးစရာ
ချစ်တဲ့

ရွှေရတုမှတ်တမ်း said...

E လိုက ကျောင်းမှာ ကလေးချင်းပြောရင်းတတ်သွားမှာပဲလေ.
ဗမာလိုကအိမ်မှာမိဘက လေ့ကျင့်ပေးရမယ်..ငါ့တူမပြောသလို တချို့မိဘတွေက ကလေးဗမာလိုမပြောတတ်တာ ဂုဏ်ယူနေတာ အများကြီး...ဘယ်လိုဘိုရူးနေတဲ့ဗမာတွေမှန်းမသိဘူး
ဘကျောက် ကို E speaking သင်ပေးတဲ့ ဆရာတွေကဆိုရင် ကလေးမိဘတွေကို ကလေးကို ဘာသာ ၂မျိုးပြောခိုင်းဖို့ အကြံပေးကြတယ်..Bi ပြောတဲ့ကလေးက တမျိုးပဲေ့ပြာတတ်တဲ့ ကလေးထက် ဉာဏ်ရည်ဉာဏ်သွေးပိုကောင်းသတဲ့..

thawzin said...

“မြန်မာမှန်ရင် ငါးပိကိုမမေ့နဲ့ သဒ္ဒါမှာ ဗျည်းနဲ့ သရတော့ မင်းသိစေချင်” တွံတေးသိန်းတန် သီချင်းလို့ပေါ့ဗျာ။ အမျိုးပျောက်မှာတော့ အရမ်းစိုးရွံကြောက်မိပါတယ်။ အမျိုးဘာသာကို ချစ်တဲ့ စိတ်လေးကို လေးစားမိပါတယ်။

~ဏီလင်းညို~ said...

ယွန်းရေ့.......

ကိုဏီးကတော့ ထင်တယ်....။
သူ့ကိုယ်သူ မြန်မာဆိုတာတောင်မှ မေ့နေမယ်ထင်တယ်လေ......။
ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားသောက်ပြီး နေထိုင်ကြရပေမယ့်....ဒါမျိုးတွေကတော့ မဖြစ်သင့်ဘူးဗျာ.......။
ယွန်းကို ချီးကျူးတယ်.....တစ်ကယ်ဗျ.....။
(မချောကို ကျောက်ပြင်မရွက်ခိုင်းနဲ့....။ ပေါ့သေးလို့.....။ လမ်းကြိတ်စက်ကို ရွက်ထားခိုင်း........:P....)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ယွန်း said...

ကိုဏီးကတော့ လုပ်ချလိုက်ပြန်ပီ..ချောကို လမ်းကြိတ်စက်တော့ မရွက်ခိုင်းပါနဲ့ ..သနားပါတယ်..
ချွေးမလောင်းလေး ရှားရှားပါးပါး ဒီတစ်ယောက်လေးရှိတာကို...ကြားရင် ထိုင်ငိုနေပါမယ်
ဟီဟိ

လင်းခေတ်ဒီနို said...

အွန် သတိထားမှ နောက်ခါဆိုး)))))

နွေဆူးလင်္ကာ said...

အော် အဲဒါ ဂျီပုန်းလား ကျနော်တော့ ပုန်းပါဘူးဗျာ ...

ကိုဇော် said...

မြန်မာဆိုရင်တော့ မြန်မာစကား ၊ မြန်မာစာတော့ ကောင်းကောင်း တတ်ထားသင့်ပါတယ်။ လေးစားပါတယ်ဗျာ။

Anonymous said...

ပြင်ပရောက်နေတဲ့ လူတွေက ကိုယ့်ကလေးကိုယ် ဗမာစကားတတ်စေချင်တယ်။ သင်ပေးဖို့ကြိုးစားတယ်ဆိုတာ တကယ်အမြော်အမြင်ရှိတဲ့ လူတွေပါ၊ ကိုယ့်ကလေးကိုယ် ဘိုလိုပြောတာ ကျေနပ်နေကြတဲ့ သူတွေကတော့ မပြည့်တဲ့အိုးတွေလို ခံယူထားပါတယ်။ ဒါပေမယ့် ပြည်တွင်းကလူတွေ ဗမာလိုမပြောတတ်ပါဘူး ဆိုတာမျိုးကတော့ ဘယ်လိုလူစားမျိုးလို့တောငှ်မပြောတတ်တော့ဘူး။ တလောက လျှပ်တပြက်ဂျာနယ်မှာ မေသန်းနုသား မင်းသန့်မောင်မောင်ဖြေထားတာမျိုးပေါ့။ သားက ကျောင်းမှာလဲ ဘိုလိုပဲပြောတော့ ဘိုလိုပဲအားသန်တယ်။ ဗမာလိုဆို သိပ်တောင်မပြောတတ်၊ နားမလည်တော့ဘူးတဲ့။ အဲဒီ အင်တာဗျူးကိုပြန်ဖြေတာကျတော့ ဗမာလိုကြီး။ သူ့အမေနဲ့လဲ အိမ်မှာ အင်္ဂလိပ်လိုပဲပြောနေကြလားတော့မသိဘူး။ ဖတ်ရင်းနဲ့တောင် စိတ်မကောင်းဘူး။ ဗမာပြည်တွင်းမှာ ပိုက်ဆံလေးနည်းနည်းတတ်နိုင်တာနဲ့ အပြင်ကျောင်းထားကြ ဗမာလိုမပြောနိုင်တော့ဘူးလို့ ပြောကြနဲ့။ ကျွန်မကတော့ ကလေးတွေရရင် မချိုသင်း တူမလေးတွေလို ပြောတတ်ရုံတင်မဟုတ် စာပါဖတ်နိုင်အောင် ကြိုးစားသင်ပေးချင်ပါတယ်။

Anonymous said...

ညီမမှာ Indian သူငယ်ချင်းတစ်ယောက်ရှိပါတယ်..သူက HongKong မှာကြီးတော့ India လိုပြောဘဲပြောတတ်တယ်..မရေးတတ်ဘူး..မဖတ်တတ်ဘူး..ဒါကိုသူက ရှက်စရာကောင်းတယ်ပြောပါတယ်..သူတင်မဟုတ်ပါဘူး..တခြားနိုင်ငံခြားသားသူငယ်ချင်းတွေကလည်း What a pity ဆိုပြီးပြောပါတယ်..ဒါပေမယ့် မြန်မာကလေး၊ လူကြီးအများစုက မြန်မာစကားသိပ်မပြောတတ်တာ မဖတ်တတ်တာကို ဘာလို့ရှက်စရာလို့ မထင်ကြတာလဲ မသိပါဘူး..တစ်ချို့ကလေးတွေဆိုဖတ်တတ်တာတောင် မဖတ်တတ်ဘူးဆိုပြီးပြောကြတယ်… လူတစ်ကိုယ် ယူဆချက်တစ်မျိုးဆိုပေမယ့် မြန်မာတစ်ယောက်ဖြစ်ပြီး မြန်မာလို နည်းနည်းမှ မရေးတတ်မဖတ်တတ်တာတော့ ရှက်စရာထက် ၀မ်းနည်းစရာကောင်းတယ်လို့မြင်မိတယ်…အမလိုစိတ်ဓါတ်မျိုးမြန်မာတိုင်းမှာရှိနိုင်ပါစေ…

Moe Cho Thinn said...

ညီမတယောက် လင့်ခ်ပေးလို့ ရောက်လာပါတယ် ညီမ ယွန်းရေ။ အမှန်ပါပဲ။ ကိုယ့်စာ၊ ကိုယ့်စကားကို မမေ့သင့်တာ အမှန်ပါပဲ။ တကယ်တော့ ကလေးတွေမှာ မြန်မာစကား ပြောတတ်ဖို့ လူကြီးတွေက အဓိက အားထုတ်ဖို့ လိုအပ်တယ် လို့ အမ ယုံပါတယ်။ ဘယ် ဘာသာစကားမဆို ဘာသာစကားတခုဆိုတာ တတ်မြောက် ကျွမ်းကျင်ရင် ကောင်းတာပေါ့။ ကိုယ့်စာ ကိုယ့်စကားကတော့ ပိုတောင် ကျွမ်းကျင်သင့်တာပေါ့။ ဒါပေမဲ့ ကလေးကတော့ အစမှာ နားမလည်သေးတော့ သူတို့ ပတ်ဝန်းကျင်က ပြောတဲ့ ဘာသာစကားကိုသာ ကျွမ်းကျင်နေမှာပဲ။ ဒါ သူတို့လေးတွေ အပြစ် မဟုတ်ပါဘူး။ လူကြီးတွေက ထိန်းကျောင်းပေးရမှာပါ။ ညီမလို စိတ်မျိုး များများ ရှိကြရမှာပါ။

အမ တူမလေးတွေကိုလဲ မြန်မာစာ မြန်မာစကား မမေ့အောင် ကြိုးစားသင်ပါတယ်။ အမတို့က အဝေးမှာ နေကြတော့ သူ့အမေတွေက သင်ကြပါတယ်။ အရေးရော၊ အဖတ်ရော၊ အပြောရော သင်ရတာပါ။ အကြီး နှစ်ယောက်ကတော့ မြန်မာပြည်မှာ မွေးခဲ့လို့ ကောင်းကောင်း ရေးတတ်၊ ပြောတတ်၊ ဖတ်တတ်ပါတယ်။ အငယ် နှစ်ယောက်ကတော့ ပြည်ပ မှာ မွေးလို့ အထူး ဂရုစိုက်ပြီး သူ့အမေတွေ သင်ကြတယ်။ အိမ်မှာလဲ အမေနဲ့ ပြောရင် မြန်မာလိုပဲ ပြောတယ်။ အကြီးလေးက ၁၀ နှစ်၊ မြန်မာ ၄တန်း ဖတ်စာ ရောက်နေပြီ။ အငယ်လေးကတော့ ၈ နှစ်၊ ၂တန်းမြန်မာစာ ပေါ့။ ဒီလိုပဲ လေ့ကျင့် ပေးရမှာပါပဲ။

Anonymous said...

သိပ်ကောင်းတယ်ဗျာ။ ကျွန်တော်တို့မိသားစုလဲ ၂၀၀၈ ကမှ စကာင်္ပူကိုပြောင်းလာကြတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလဲ အိမ်မှာသားကို မြန်မာလိုပဲပြောကြပါတယ်။ တစ်ချို့မြန်မာတွေက ကလေးတွေ e လိုကျွမ်းကျင်စွာပြောတာကို ဂုဏ်ယူနေကြတယ်။ ကျွန်တော့်သားကတော့ အင်္ဂလိပ် Story တွေဖတ်တာကြိုက်သလို မင်းလူတို့ အကြည်တော်တို့ရဲ့ စာအုပ်တွေကိုလဲ နှစ်သက်စွာ ဖတ်ပါတယ်။ သူ့ကို ၃ တန်း အတက်မှာ ခေါ်လာတာပါ။ ကျွန်တော်တို့က သူ အင်္ဂလိပ် Story တစ်ပုဒ်ဖတ်ပြီးတိုင်း မြန်မာလို ပြန်ရေးခိုင်းပါတယ်။ သူ့အတွက် အရေးရော အဖတ်ရော အလိုလိုရသွားစေချင်လို့ပါ။ တစ်နေ့သူမြန်မာပြည်ကို အကြောင်းတစ်ခုခုနဲ့ ရောက်သွားရင်တောင် သူ့အတွက် ဘာအခက်အခဲမှမရှိ တော့ဘူးပေါ့။

Anonymous said...

အမေရိကန်မြန်မာအဆိုတော် နောက်တစ်ယောက်ရှိပါသေးတယ်။ Mary Win ပါ။ http://www.marywinmusic.com
သူကတော့ ထိုင်းမှာဖွားတယ်လို့ဆိုပါတယ်။ အဖေအမေ အကုန်မြန်မာတွေပါ။ သူလည်း အထိုက်အလျောက် နာမည်ရှိပါတယ်။ အနုပညာအစွမ်းလည်းမသေးတဲ့လူတစ်ယောက်ပါ။ ကိုယ်ပိုင်ဟန်လည်းရှိတယ်။ သူဆိုရင် မြန်မာလိုတစ်လုံးမှ မတတ်ပါဘူး။ ဘယ်လောက်နာမည်ကြီးကြီး ဘာကြီးဖြစ်နေဖြစ်နေ မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာမတတ်ရင် အထင်မကြီးမိတာအမှန်ပါ။ စိတ်မကောင်းလည်းဖြစ်မိပါတယ်။

About me

Blogger templates