Aug 16, 2009

ရေစုန်ထဲကဘ၀များ

အနောက်ဘက်ဆီမှ နေ၀န်းကြီးမှာ ၀င်လုဆဲဆဲရှိနေချေပြီ။
ငှက်တအုပ်ကလဲ အိမ်တန်းတက်ရန် ပျံသန်းသွားကြ၏ ။ စက်ချုပ်ရုံဝန်းဆီမှ ဘဲလ်တီးသံ သဲ့သဲ့ကြားရချိန်တွင်
အလုပ်သမားများက စက်ရုံအတွင်းမှ ပြိုဆင်းလာသကဲ့သို့ သူ့ထက်ငါအရင် ပြင်ပ၀န်းကျင်သို့ ထွက်လာကြသည်။
ပြင်ပမှ လေနုအေးတချက် ဖြတ်တိုက်လာသည်တွင် တနေကုန်ပင်ပမ်းလာသမျှ အမောပြေသွားသလို ခံစားလာရသည်။ မသီတာတစ်ယောက် အသက်ကိုဝအောင်ရူရင်း စိတ်ကိုဖြေလျော့လိုက်သည်။


အိမ်သို့ ပို့ရန်ငွေအလုံအလောက်ရလာပြီ။လခထုတ်သောကြောင့် မသီတာပျော်နေသည်။ ရှိစုငွေလေးကို လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ရှေ့ဘာလုပ်ရမည်ကိုတွေးနေသည်။ တလလုံးလုံး စက်ကို ပင်ပင်ပမ်းပမ်းချုပ်ရင်း ရှာထားရသောထိုငွေလေးကိုကြည့်ရင်း ကြည်နူးနေသည်။


အမေနှင့်မောင်လေး၏ စားဝတ်နေရေးအတွက် သူများနည်းတူရုန်းရကန်ရသည်။ နိင်ငံခြားတွင် မိန်မသားတန်မဲ့ရုန်းကန်ရှာဖွေနေရခြင်းက သိပ်လွယ်လှတာမဟုတ်။အိုဗာစတေးဖြစ်သောကြောင့် ဖမ်းမည်ဆီးမည်ဆိုလျှင်သူများနည်းတူ ပြေးရလွားရ ပုန်းခိုရသည်။သို့သော် မိမိတယောက်တည်းမဟုတ် .. အားလုံးက ဒီလိုချည်းဖြစ်သဖြင့် နည်းနည်းတော့ ဖြေဆည်လို့ရသေးသည်ပေါ့။


"ဘာတွေတွေးနေလဲ မသီတာ..ပြန်ကြရအောင်..."


တစက်ရုံတဲ အတူတူအလုပ်လုပ်နေသော အခန်းဖေါ်လဲဖြစ်သော သူငယ်ချင်းမြန်မာမလေး ရှီလာကလှမ်းပြောလိုက်သည်။ စက်ရုံနှင့်အိမ်မှာ ဘတ်စ်ကားမရှိသဖြင့် ၁၅ မိနှစ် နာရီဝက်ခန့်လမ်းလျှောက်ရသည်တခါတလေ လမ်းတွင် အော်ပရာစီနှင့်တိုးလျှင် ပြေးလွှားပုန်းခိုရပြီးသူငယ်ချင်းအိမ်တွင် လိုက်ရှောင်နေရတတ်သည်။ရပ်ကွက်က ဆင်းရဲသားရပ်ကွက်။အိပ်ခန်းခသက်သာသောကြောင့် စက်ရုံနှင့်နီးသောကြောင့်သာ အဆင်ပြေသည်ဟုယူဆရင်း နေတိုင်မိနေခြင်းပင်။


အိပ်ခန်းခ သက်သာသည်ဆိုတာကလည်း တအိမ်တည်းတွင်
လူသုံးလေးငါးယောက်စုဝေးနေရပြီး မီးဖိုချောင်ကလဲ
တစ်ခုတည်း၊ရေချိုးခန်း အိမ်သာကလည်း တစ်ခုတည်းဖြစ်သဖြင့် သည်းခံပြီးအဆင်ပြေအောင်နေရသည်သာ..။ တစ်လလုံးစိတ်ပင်ပမ်းသမျှ လခထုတ်ရက်လေးကျလျှင်လုပ်အားခလေးကိုကြည့်ရင်း ပျော်ရသည်။


အမေနှင့် ကောလိပ်ကျောင်းသားကြီးဖြစ်နေသောမောင်လေးမျက်နှာကိုမြင်ယောင်ရင်း အမောပြေရသည်။ တလကုန်လျှင် မောင်ဖြစ်သူကျောင်းသားကြီးထံမှ စာအုပ်ဖိုး ၊အ၀တ်စားဖိုး ၊မုန့်ဖိုး ၊ဘာဖိုး ညာဖိုး စသဖြင့် .....မမောနိုင်မပမ်းနိုင် ငွေလေးတွေ ဟောခနဲ ဟောခနဲ ပျောက်ချင်းမလှ ပျောက်သွားရသည်သာ။


ယခုလည်းလခလေးကိုလက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းရှေ့ရေးကိုမျှော်တွေးနေမိသည်။
တခန်းထဲအတူနေသူရှီလာလေးနှင့်ညနေတိုင်းအတူတူအိမ်ပြန်နေကျဖြစ်သည်
နှစ်ယောက်သား စကားတပြောပြောနှင့် လျှောက်လာရင်း ပတ်ဝန်းကျင်ကိုမေ့နေသည်။တနေရာအရောက်သူငယ်ချင်းရှီလာကမသီတာလက်ကို ဖျတ်ကနဲ ဆုပ်ကိုင်လာသည်။သူမလက်များမှာ အေးစက်နေ၏။
"မသီတာ ...ဟိုမှာ ...."
ခပ်တိုးတိုး အသံကြောင့် တွေးနေသော စိတ်တို့ ဖျတ်ခနဲ စုစည်းမိလာသည်..။
"ဟင်...."
သူမတို့နှစ်ယောက်လုံး ခြေလှမ်းများရပ်မလိုဖြစ်သွားကြသည်။
မရပ်နဲ့ ..ဆက်လျှောက်..ဒီနေရာမှာ ရပ်လိုက်ရင်...သူတို့သတိထားသွားမိနိုင်တယ်..
တို့တွေဟာ တရားမ၀င်နေထိုင်သူတွေဆိုတာကိုပေါ့....
ရှီလာရဲ့လက်ကို မသီတာ ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်...
နက်ပြာရောင်ဝတ် မလေးရှားရဲတွေ....သုံးလေးယောက်လောက်ရှိမည်။ တစုံတစ်ခုကို အာရုံစူးစိုက်နေကြသည်။နေ၀င်ရီတရော အချိန်ကြောင့် တစုံတစ်ခုကို ခပ်ဝါးဝါးမြင်လိုက်ရသည်။သူတို့ရှေ့မှာ ဒူးထောက်နေတဲ့လူတစ်ယောက်..။ ရဲတစ်ယောက်က ထိုလူကို ခြေထောက်နှင့်လှမ်းကန်လိုက်တာမြင်ရသည်။
"အားး"
ထိုသူ၏ မသဲမကွဲညည်းညူသံ...။ ထိုလူတစ်ယောက်ကို ရဲ သုံးလေးယောက် ၀ိုင်းကန်နေကြသည်။ပိုက်ဆံတောင်းနေပုံရသည်။ အကန်ခံနေရသူမှာ အင်ဒိုနီးရှားလား ဘာလားတော့မသိ။လှိမ့်နေအောင် ခံရသည်။ လူလူခြင်း ကိုယ်ခြင်းစာသော်လည်း ဘာမှမကူညီနိုင်။ဘ၀တူတွေမို့။မသီတာတို့နှစ်ယောက် ကြောက်ကြောက်နှင့်ပင် ထိုအနားမှဖြတ်လာကြသည်။


နောက်ပြန်လှည့်သွားမည်ဆိုလျှင် သူတို့ သတိထားသွားမိနိုင်သည်။အိတ်ထဲမှ ရလာသောလခလေးကို အယောင်ယောင်မှားမှားနှင့် စမ်းလိုက်မိသည်။ ကံကောင်းလို သူတို့ မမြင်ပါစေနဲ့ ဟုဆုတောင်းရင်း ခြေလှမ်းများကို ခပ်မြန်မြန်လှမ်းလိုက်သည်။
"ခွပ်'


"အင့်"


"ဖုံး"


"အားးးး မလုပ်ပါနဲ့ဗျာ...ကျတော့မှာ တကယ် ပိုက်ဆံမရှိတာပါ
တောင်းပန်ပါတယ်..မရိုက်ကြပါနဲ့...."


"ဟင်..."
မသီတာ တစ်ယောက်ထိုအသံကြောင့် အံ့သြစွာလှည့်ကြည့်ဖြစ်သည်။
ဒါ ငါတို့လူမျိုး ....ငါတို့လူမျိုးကို ဒီလို ရိုက်နှက်စော်ကားနေကြတာ...
ငါဒီအတိုင်း ကြည့်နေရသလား....ငါတို့ဘာမှ မလုပ်ပေးနိုင်ပါလား။
ထိုလူငယ်လေးမှာ ထိုရဲများအား လက်အုပ်ချီကာ ပါးစပ်မှ မြန်မာလို ရေရွတ်တောင်းပန်နေ၏။
မသီတာ ရင်ထဲမှ ဆို့နင့် လာ၏..။ခြေလှမ်းတို့ တုံ့ခနဲရပ်လိုက်ရင်း နောက်ပြန်လှည့်ဖို့ကြိုးစားသည်။
အမေနှင့်မောင်လေး.....အိမ်လခ....ကျောင်းလခတွေ.....
ဟင့်အင်းးး.....လခလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်ဝိုင်းလာသည်..


"မသီတာ...ဘာလုပ်နေတာလဲ....သွားမယ်...လာလေ...."


"ဟင့်အင်း ....ဟိုမှာ သူလည်းမြန်မာပဲ...ရှီလာ"


"ဒါပေမဲ့ ကျမတို့ မှမကူညီနိုင်ပဲ......"


"ငါတို့သွားလို့ကောင်းပါ့မလားရှီလာ ....သူကငါတို့လူမျိုးလေ....."


"ဟာ...မသီတာကလည်းးးကျမတို့လဲ သူ့လို့ပဲလေ....သူ့ကိုသွားကယ်ရင် ကျမတို့လခလေးတွေ
ပလုံသွားမှာပေါ့....ကျမတို့ အိမ်ကလူတွေရဲ့ စားဝတ်နေရေးအတွက်....
ဘယ်လိုလုပ်မလဲ......"


".........."


"တွေဝေမနေနဲ့ ...လာလေ..သွားရအောင်...ဘာလုပ်နေတာလဲ.....
ကြာရင်သူတို့ရိပ်မိသွားရင်မကောင်းဘူး ...အခုတောင် မမြင်လို့တော်သေးတယ်...."


ရှီလာက မသီတာလက်ကို ခပ်တင်းတင်း ဆွဲပြီး ထိုနေရာမှ မြန်မြန်ထွက်လာခဲ့သည်။မသီတာတစ်ယောက် ရစ်ဝိုင်းလာသော မျက်ရည်များကို အမြန်ပုတ်ခတ်ထုတ်ရင်း ထိုကောင်လေးရှိရာ တချက်လှမ်းကြည့်လိုက်သည်..။


"ကိုယ့်လူမျိုးအချင်းချင်းတောင် ပြန်မကယ်နိုင်တဲ့ ငါတို့ဘ၀တွေ....
ငါတို့ကို ခွင့်လွှတ်ပါ သူငယ်ချင်းရယ်....."


ထိုကောင်လေးကတော့ ထိုနေရာတွင် ခေါင်းမဖေါ်နိုင်အောင် အရိုက်နှက်ခံနေရဆဲ....။

8 comments:

မေလေး said...

ယွန်းရယ် အဲလိုမျိုး တို့တွေ မျက်စိမှိတ်မသိချင်ယောင်ဆောင်ခဲ့ရတာ များနေပီဟယ်။
ဒီလိုဘဝဆိုးမျိုးတွေ အားလုံးရဲ့ အဓိက တရားခံက ဒင်းဘဲ။ ဖြစ်လေရာ ဘဝမှာ ဒီလို မင်းဆိုးအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူမဖြစ်ပါစေနဲ့ ဆုတောင်းရုံပေါ့။

မေဇင် said...

တကယ် မျက်ရည်ဝိုင်း ရတယ်.... ယွန်းရေ.... အမှန်တွေ ဆိုပေမယ့်... တကယ်မဟုတ်ပါစေနဲ့ လို့ ဆုတောင်း မိတယ်ဟယ်....။

Yu Ya said...

မရွှေယွန်းရေ...ဖတ်ရတာ ရင်မောလိုက်တာဗျာ..ဘယ်တော့များမှ ဒီလိုမျိုးအသံတွေ ပျောက်သွားမလည်း။ မျှော်လင့်နေမိတယ်။

yu ya

မြစ်ကျိုးအင်း said...

ဝတ္ထုတိုလေးဆိုပေမယ့် အဲဒီလို ဆင်တူတဲ့ အဖြစ်တွေ ရှိနေမှာသေချာပါတယ်..။
နိင်ငံခြားရဲမို့လို့ ရိုက်တာကို စိတ်နာကျင်နေရရင် ပြည်သူအချင်းချင်း ရက်ရက်စက်စက်လုပ်ရက်ကြတာ ကိုကျွန်တော်တို့ ဘာပြောရတော့မလဲ...။

ဝက်ဝံလေး said...

ယွန်းရယ် ဖတ်ပြီး ရင်ထဲမကောင်းလိုက်တာ ဟီးးးးးး ချပြီးငိုချင်လိုက်တာ နော် ဟူးးးးးးးးးးးးးးးးးးး

လာဖတ်မယ်ပြောပြီး ပျောက်နေတဲ့ ဝက်ဝံလေးကို ခွင်မလွှတ်နဲ့နော်သိလား အလုပ်အရမ်းရှုပ်နေလို့ အဟီးးးး ဂယ်တော့ ဘာမှဟုတ်ဘူး အိမ်ပြင်နေလို့သိလား ဖူးးးးးးးးးးး ဖတ်ဖတ်ကိုမောလို့ လင့်ခ်တွေ ပြန်လုပ်ရတာလေ ယွန်းလေး စိတ်ဆိုးနဲ့နော် အလာနောက်ကျလို့ သိလား

ကဲ လိမ့်ပြီဗျိုးးးးးးဒုန်းးးးးးဒုန်းးးးး ဘိုင် တာ့တာ

ကာရံဆူး said...

ယွန်းရေ..လာလည်သွားတယ်...အခုမှ ရောက်ဖြစ်ပေမဲ့ နောက်ဆို ရောက်ဖြစ်မှာပါ...သူများက နှိပ်စက်တာကို ခံနေရတာ ကိုယ့်ဘက်ကမှ မကောင်းတာလေ...ရွှေသမင် ဘယ်ကထွက်...မင်းကြီးတာကပဲ ထွက်တာပေါ့...စိတ်မကောင်းစရာပါ...

Anonymous said...

ညီမလေးယွန်း
မမကိုယ့်တွေ့လေးကို ဘလော့ပေါ်တင်ပေးတဲ့
အတွက် ကျေးဇူးးးးးနော်..
ခင်မင်ရတဲ့
အစ်မသီတာ

ချစ်ကြည်အေး said...

ညီမယွန်းလေး...ကိုယ်ချင်းစာမိတယ်။ အမလဲ မလေး မှာ ဝလုံး နဲ့ ၂နှစ်နေခဲ့ ဖူးတော့လေ။

ရေကြည်ရာ မြက်နုရာ...တဲ့လေ
ဒဏ်ရာတွေ နှလုံးသား‌ အနာဖေးတက်၊
ဒီတသက်...ဒီစနက် ဆိုးတွေ...
မြေလှန်ထိုးရင်တောင်မှ၊ အမြစ်ကျန်ခဲ့မှာစိုး...ဒီသောက်မျိုး ပြုန်း မှ အေးမဟဲ့ ....။

လို့ သာ ဆိုလိုက်ချင်တော့တယ် ညီမရေ....။‌
‌
‌​ ​‌

There was an error in this gadget

About me

Blogger templates