Aug 26, 2009

ပုန်းခိုနေတဲ့ အကြောက်တရားများ

အဲဒိညပေါ့...။
မျက်နှာကြက်ကမီးရောင် ထိန်ထိန်သာနေတယ်။ပတ်ဝန်းကျင်လဲ တိတ်ဆိတ်လို့..။
ကိုယ့်အသက်ရူသံတောင် ကိုယ်ပြန်ကြားနေရသလိုမျိုးးးး။
ကျမပက်လက်အိပ်ရင်း မျက်နှာကျက်ကို အကြောင်းမဲ့ ကြည့်နေမိတယ်။


ဖန်မီးအိမ်ရဲ့ အလင်းက ကျမမျက်ဝန်းတည့်တည့်မှာကျနေတယ်..ဒီမီးနဲ့ဆို ဒီညဘယ်လိုမှ
အိပ်မပျော်နိုင်တာကြောင့် ကျမမီးခလုတ်ထပိတ်လိုက်တယ်။ ကြိုးခလုတ်ကို လှမ်းဆွဲလိုက်တာနဲ့
မီးပိတ်သွားတယ်ဆိုပေမဲ့ မျက်နှာကျက်က ဖန်မီးအိမ်လေးက လှူပ်ရမ်းပြီး ကျန်နေဆဲပဲ..။
ဖန်မီးအိမ်က တကယ်ရောခိုင်ခံ့ရဲ့လား ။နံရံနဲ့ တွယ်ကပ်စုပ်ယူထားတဲ့ မူလီတွေကရောခိုင်ခံ့ရဲ့လား။

ပြင်ပကလေ၀င်လာတာကြောင့် ဇာခန်းဆီးစလေးက တဖျတ်ဖျတ်လွင့်နေတယ်။
မီးအိမ်မှာ ချည်တွဲထားတဲ့ ကြိုးလေးက လေတိုက်တဲ့အခါ ဘယ်ညာလှူပ်ရှားသွားလေရဲ့...။
တကယ်လို့ အဲဒိဖန်အုပ်ဆောင်းက ကျမမျက်နှာပေါ် ပြုတ်မကျလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲနော်..
ကျမအတွေးနဲ့ကျမ သတိထားမိသွားရင်း ကျမကိုယ်ကို ဖန်အုပ်ဆောင်းနဲ့ လွတ်တဲ့နေရာရွေ့လိုက်တယ်။

တခါက ကျမရှေ့မှာပဲ သူငယ်ချင်းတစ်ယောက် မီးအုပ်ဆောင်းတစ်ခုနဲ့ ခိုက်မိလို့ လက်မှာအလျှားလိုက်ကွဲပြီး
သွေးတွေ အများကြီးထွက်လာတယ် .။ အဲဒိသွေးတွေမြင်ပြီး ကျမမှာ မူးပြီးထိုးအန်နေတာနဲ့
သူငယ်ချင်းတွေက ကျမကိုပြန်ပြုစုနေရတာကြုံခဲ့ဘူးတယ်။

အဲဒိညက ကျမမွေ့ရာပေါ်မှာ မအိပ်ပဲ ကြမ်းပြင်ဆင်းအိပ်ခဲ့တယ်။
နောက်နေ့ကျတော့ ကျမမွေ့ ရာကို မီးအုပ်ဆောင်းနဲ့ လွတ်တဲ့နေရာရွေ့ ပစ်လိုက်တယ်။
ပြီးတော့ တအိမ်လုံးမှာ ရှိတဲ့ မီးဆိုင်းတွေအကုန်လုံး နားလည်တဲ့ သူငယ်ချင်းကိုခေါ်စစ် ခိုင်းတဲ့အခါ
ကျမသူငယ်ချင်းက ကျမကိုနားမလည်သလို ကြည့်တယ်။
ကျမအဲဒိမှာစပြီး မသိစိတ်ရဲ့ ကြောက်ရွံ့ခြင်းကို စပြီး သတိထားမိသွားခဲ့တယ်။

ကျမသူငယ်ချင်းတစ်ယောက်ရှိတယ်..။ သူကျတော့ အိမ်ခေါင်မိုးပေါ်က သွပ်ပြားတွေကို အကြောင်းမဲ့သက်သက်
ကြောက်တတ်တယ်။ လေတိုက်တဲ့အချိန်ဆိုပိုဆိုးတယ်။ သူငယ်ချင်းရယ် ကြည့်စမ်း..သွပ်ပြားတွေပျံလာပြီး
လူတွေကိုထိခိုက်မိရင် ဘယ်လိုလုပ်မလဲတဲ့...။ အဲအချိန်ဆို သူကျမလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး
အိမ်ကိုမြန်မြန်ရောက်အောင် လျှောက်လေ့ရှိတယ်။ သူလက်တွေက ရေခဲတုန်းလို အေးစက်နေတာ
ကျမသတိထားခဲ့မိတယ်။

ပြီးတော့ နောက်တစ်ယောက် ...။ သူကျတော့ ပန်ကာတွေကိုကြောက်တတ်တယ်။
သူ့အိမ်က ပန်ကာမှာအုပ်ထားတဲ့ အုပ်ဆောင်း၂ခုကို ခိုင်အောင်လို့တဲ့ သံကြိုးနဲ့တုပ်ထားတတ်တယ်။
မျက်နှာကျက်ပန်ကာ မထားဘူး။ တကယ်လို့ ပန်ကာရဲ့ ဒလက်တွေပြုတ်ထွက်လာပြီး အရှိန်နဲ့
လူတစ်ယောက်ရဲ့ ခေါင်း (သို့) ခြေလက်တွေကို မတော်တဆ မထိခိုက်လာနိုင်ဘူးလားလို့ မေးတဲ့အခါ
ကျမ သူ့ကိုဟားတိုက်ပြီးရယ်ခဲ့ဘူးတယ်။။

ပြီးတော့ကျမတွေ့ဖူးတဲ့တစ်ယောက်...
သူကျတော့ ပိုးဟပ်ကြောက်တယ်.....ပိုးဟပ်တွေ့တာနဲ့ နီးရာနေရာကို ခုန်ပျံပြီးတက်တော့တာပါပဲ
ပိုးဟပ်ရဲ့ခြေတွေလက်တွေကို အသည်းယားသတဲ့... ယူထားတဲ့မေဂျာက ဇူး
တခါက ပိုးဟပ်ခွဲတဲ့ ပရက်တီကယ်အခန်းမှာ ပိုးဟပ်ကိုကြည့်ပြီး ထိုးအန်နေလို့ သူငယ်ချင်းတွေ
က၀ိုင်းတွဲပြီး အပြင်ခေါ်ထုတ် လာရတဲ့အထိပါပဲ..။

တကယ်တန်းးကျတော့ လူတွေရဲ့မသိစိတ်ကနေ လူတွေမသိပဲဖြစ်ပေါ်နေတတ်တဲ့ ကြောက်စိတ်
ဆိုတာ ရှိနေတတ်တယ်တဲ့..ဆေးပညာ စာအုပ်တစ်ခုမှာ ကျမဖတ်ခဲ့ဘူးတာပါ....
ဒီလိုဆို ကျမတို့ မြန်မာနိုင်ငံမှာရော....................
လူမသိသူမသိ အကြောက်ရောဂါရနေတဲ့ လူတွေ ဘယ်လောက်များရှိနေပြီလဲ......
အကြောက်တရားတွေ ဘယ်လောက်များဖိစီးနေ ကြပြီလဲ .....
စိတ်မောစရာပါပဲနော်..................

3 comments:

မေဇင် said...

အင်း စိတ်မောစရာပဲနော်.... ။ အကြောက်တရား မရှိတဲ့ သူတွေကိုတောင် ကြောက်တတ်အောင် သင်ပေးခဲ့ကြတယ်..။ နောင့် ကတော့ တီကောင် အရမ်းကြောက်တယ်..။

ဝက်ဝံလေး said...

ယွန်းရေ တို့ကတော့ ဘာအကောင်မှ မကြောက်ဘူး သူတို့သာ ကိုယ့်ကို ကြောက်ထှာ ဟားဟားးးးးးးးးးးးးးးး

မြစ်ကျိုးအင်း said...

မသိစိတ်ရဲ့ အကြောက်တရား တဲ့ ဟုတ်တာပေါ့ လူတိုင်းမှာ ရှိတယ်...။ဒါပေမယ့် တခုထဲတော့ မကဘူး
မွေးရာပါကြောက်တဲ့အရာတွေရှိသလို ပါတ်ဝန်းကျင် ရိုက်ခတ်မှုကြောင့် အကြောက်တရား ၀င်သွားရတဲ့ သူတွေရှိတယ်...။
မြန်မာပြည်မှာတော့ ပြည်သူတွေအားလုံး တူညီတဲ့ အကြောက်တရားတွေ ရှိတယ်...။
အကြောက်လွန်တဲ့အခါ ဘာကိုမဆို လုပ်တတ်ကြတယ်
ဆိုတာတော့ သက်သေပြခဲ့ကြတာ အကြိမ်ကြိမ်ပါပဲ။

There was an error in this gadget

About me

Blogger templates