Jul 29, 2009

ကျောင်းသားဘ၀အမှတ်တရများ

ကျိရှောင်သူ ဟုသူ့ ကိုကျမတို့ ကချစ်စနိုးစနောက်လေ့ရှိသည်။
သူ့ နာမည်ကကြည်ကြည်ဝေဖြစ်သည်။
သို့ ပေမဲ့ နာမည်နှင့်လိုက်အောင် ဘိုင်းခေါင်းကျောက်ဖိ သေ၀ပ်သော
မိန်းကလေး မဟုတ်ပါ။
သူမကသိုင်းဝတ္ထု အင်မတန် ကြိုက်သည့်ပြင် သူငယ်ချင်းများ
ဆုံလာလျှင် သိုင်းအကြောင်း အာပေါင်အာရင်း
နှင့်ပြောတတ်သည်။ထိုကြောင့် သူ့ အား ကျိရှောင်သူ ဟုခေါ်ကြခြင်းဖြစ်သည်။
(ကျိရှောင်သူ ဟူကား သူ့ ကိုတွေ့ လျှင်ကြည့် ရှောင်ဟု အဓိပါယ်ရကြာင်း
ထိုနာမည်ကိုစခေါ်သူ သူငယ်ချင်း ကြပ်ကလေးကတခါ ပြောပြဘူးသည်)
သူမ၏သိုင်းစာအုပ်များထဲတွင် မိုးပျံသိုင်း ၊အရက်မူးသိုင်း၊ ဘာသိုင်း ညာသိုင်း
စသဖြင့် ကျမတို့ မကြားဘူးသောနာမည်များလဲပါသည်။် ညဘက်သိုင်းကား
ကြည့်ထားပြီးလျှင်နောက်နေ့ မနက်တွင်သူငယ်ချင်း အားလုံး နားညီးအောင်
စားမြုံ့ပြန်တတ်သည် ။ရှောင်ပြေးလို့ မရအောင် မုန့် ဝယ်ကျွေး ပြီး ပြောတတ်သည်။
သူကသိုင်းလောကအကြောင်း အာဂုံဆောင်ထားသူဖြစ်သည် ။
မြ၀တီမှပြသော သိုင်းကားများ လဲမလွတ်စေရ ။မီးမလာလျှင် မီးစက်နှင့်
ကြည့်သည်။စာအုပ်ဆိုလျှင် ဖယောင်းတိုင်ထွန်းကာ သဲကြီးမဲကြီး ဖတ်တတ်သည်။
စာအုပ်ဆိုင်မှ သိုင်းဝတ္ထု မှန်သမျှမလွတ်စေရ။တခါတလေ သူအလွန်ကြိုက်သော
စာသားလေးများပါလျှင် နီးရာလူအား လက်တို့ကာပြတတ်သေးသည်။
ဥပမာ-" မည်သို့ မည်ပုံ လုပ်လိုက်သည်မသိရန်သူများ အတုန်းအရုန်း ကျဆုံးကုန်သည်"
ဟူသော စာပိုဒ်မျိုးဆိုလျှင် သဘောကျလို့ မဆုံး။
ထိုအခါ သူငယ်ချင်းကြပ်ကလေးက နင့်ဟာက စာရေးတဲ့သူတောင်မသိတာ ဖတ်တဲ့သူဆို
ပိုဝေးပေါ့...ဟုစိတ်ပျက်လက်ပျက် ပြောတတ်သည်။ တခါတလေလဲ ၀ိုင်းကြပ်ပေးကြသည်။
တခါတလေလည်း စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးတတ်ကြသော်လည်း
တခါတလေ သူမမြင်အောင် ပတ်ပြေးတတ်ကြသေးသည်။ ဒါကျမတို့ သူငယ်ချင်းတသိုက်၏
ချစ်စရာ စရိုက်လေးများ ဟုအချင်းချင်းနားလည်ပေးတတ်ကြသည်။ ကျိရှောင်သူ ကလည်း
သူ့ ကို ကျမတို့ ပတ်ပြေးသည်ကိုလည်း သိသိကြီးနှင့်စိတ်မဆိုးတတ်သလို ..
တွေ့ ရာနေရာတွင် ဂုတ်ကိုဆွဲပြီး သိုင်းကားအကြောင်းပြောဖို့ရာ ၀န်မလေးတတ်ပေ။
ဒါမျိုးက အကင်းသာရှိသေး၏။ တခါကလည်း သူ့ ဘေးအိမ်သို့ပြောင်းလာသော
သိုင်းသမား ညီအစ်ကို ၂ယောက် ကြောင့် သူငယ်ချင်းများအကြား ကျိရှောင်သူ
နာမည်ကြီးခဲ့သေးသည်။ ဖြစ်ပုံက ဒီလို....
သူ့ဘေးအိမ်ကိုရောက်လာတဲ့ ညီအစ်ကို၂ယောက်က ညနေတိုင်း သိုင်းကစားကြသတဲ့။
ဒါကို ကျမတို့သူငယ်ချင်း သိုင်းရူးလေးက သူ့ အခန်းပြတင်းပေါက်ကနေ လှမ်းကြည့်ပြီး
ကြွေနေပါရော...(သိုင်းကစားတာကိုပြောပါတယ်..အဟိ)...
နောက်နေ့ရောက်ရင် ကျောင်းကန်တင်းမှာ ပြန်ပြန်ပြောလို့ ကျမတို့အားလုံးနားရည်ဝနေ
လေရဲ့..။ဒါနဲ့မပြီးသေးဘူး ..အိမ်လိုက်ပြီး ကြည့်ဖို့ အပူကပ်လို့ အတာနဲ့ ကျမလိုက်သွားရလေသည်။
ဒီလိုနဲ့ ညနေဘက်လဲရောက်ရော သူတို့ညီအကိုနှစ်ယောက် သိုင်းကစားနေကျ သရက်ပင်ကြီး
အောက်က အသံတွေကြားလာရတယ်...ပထမတော့ တိုးတိုး တိုးတိုးနဲ့..။
နောက်တော့ အသံတွေက တစတစ ကျယ်လောင်လာတယ်...။

"ကိုကြီး...မင်းမညစ်နဲ့နော်...ငါကပိုရှည်တာ...."

'မင်းကလဲကွာ..ငါပိုရှည်တာပါဆို...."

"မင်းကွာ..အကြီးဖြစ်ပြီး စွတ်ငြင်းနေတယ်....ငါရှည်တာကွ.."

အဲလိုအဲလိုအသံတွေကြောင့် ကျမတို့၃ယောက် ခေါင်းထောင်ကြည့်ရက်သား....။

"စွတ်ငြင်းနေတယ်...ဒါဆိုမင်းနဲ့ ငါနဲ့သိုင်းမလားးးး"

"အံမာ...မင်းက...သိုင်းကွာ.... သိုင်းကွာ...သိုင်းပြီးတော့တိုင်းမယ်...လာခဲ့...."
သိုင်းရူးရဲ့ မျက်နှာ လမင်းကြီးလို ၀င်းပသွားတယ်

"ကြည့်နေ...ကြည့်နေ..သိုင်းတော့မယ်...ရန်ဖြစ်ကြတာဆိုတော့ လျှိုထားတဲ့ အကွက်တွေ
ထုတ်သုံးတော့မှာပေါ့....ဒီနေ့တော့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်...ဟီဟိ...."

ကျမနဲ့ အတာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သိုင်းရူးရဲ့ စကားကို
ဝေခွဲရခက်နေကြတယ်....ထိုအခိုက် အတာကရုတ်တရပ်ထအော်သည်

"ဟယ်.....ဟိုမှာသိုင်းနေကြပြီ "

"ဘယ်မှလဲ....သိုင်းချတာလဲမမြင်ပါလားး"

'သိုင်းချတာမဟုတ်ဘူး ..ပုဆိုးကို ကွင်းသိုင်းလိုက်တာ...."
"အော်...ကြည်ဝေပြောတဲ့ ညနေတိုင်းသိုင်းတယ် ဆိုတာဒါကိုး ..."

ဟုအတာ က မှတ်ချက်ချသည်။ ဒီလိုနဲ့ သိုင်းမလားဆိုတဲ့ ၂ယောက်ကိုပြန်ကြည့်မိတော့
အတာနဲ့ ကျမ ထရယ်မိကြတော့တယ်...သိုင်းရူး ကတော့မျက်နှာငယ်လေးနဲ့ ရှက်နေလေရဲ့...။
တွေ့လိုက်ရတဲ့ မြင်ကွင်းက ထိုညီအစ်ကို၂ယောက်ဟာ ပုဆိုးတွေကိုကွင်းသိုင်းလိုက်
ကြပြီး ဘောင်းဘီတိုလေးတွေနဲ့ ပုခုံးချင်းတိုက်ပြီး အရပ် သူရှည်တယ် ငါရှည်တယ်နဲ့
တိုင်းနေကြတာ ၁နာရီမက ကြာလေ၏။
-------------------------------------------------------------------------
နောက်တနေ့ကျတော့ ကျောင်းကန်တင်းမှာ အစောဆုံးရောက်နေတာက
အတာနဲ့ကျမ ။ ထိုအကြောင်းကို သူငယ်ချင်းအားလုံးကို ပြန်ဖောက်သည်ချသူက
အတာ...။
"ငါနင်တို့ကို ပြောချင်လွန်းလို့ အိပ်ရေးပျက်ခံပြီး အစောကြီးလာတာ "
လို့ပြောလိုက်သေးသည်။ မနက် ၉နာရီလောက်မှ ကြည်ဝေ ရောက်ချလာသည်။
ရှက်ကိုးရှက်ကန်း မျက်နှာကိုမြင်တော့ ဘယ်သူမှထိုအကြောင်းကို အစလုပ်ပြီး
မပြောကြ။ မသိချင်ယောင်ဆောင်နေကြသော်လဲ မျက်နှာတွေက ရီချင်စိတ်နှင့်
မျက်နှာပိုး မသေကြပေ။ သိုင်းရူးလဲ ထိုအကြောင်းကို မစ..။
သူလဲကြာကြာ မနေပဲ ကျူတိုရီရယ် အကြောင်းပြပြီး လစ်တော့သည်..။
ခပ်လှမ်းလှမ်းရောက်သော် စချင်နောက်ချင်စိတ်ကို မထိန်းနိုင်သော ကြပ်ကလေးက
လှမ်းအော်ပြောလိုက်သည်မှာ ...
"ဟဲ့..ကြည်ဝေ..နင့်ကျူတိုရီရယ်ပြီးရင် နင်နဲ့ ငါနဲ့ သိုင်းမလားးး" ဟူ ဖြစ်လေသည်..။
ကြပ်ကလေးစကားကြောင့် ရယ်ချင်စိတ်ကို ထိန်းထားသော ကျမတို့ သူငယ်ချင်း
များ အုန်းခနဲ ပွဲကျသွားသည်။ ကြည်ဝေလည်း ခေါင်းကြီးငုံ့ကာ ပြေးလေတော့သည်။
ကျမတို့ ရယ်သံတွေက ကျောင်းဝန်းအတွင်း ပျံ့လွင့်လျှက်....။
ထိုရယ်သံများကြားတွင်..ဖြူစင်သော ခင်မင်တွယ်တာမှူများး
ရင်းနှီးမှူများ....ချစ်ခင်မှူများပါဝင်လျှက်...။
သေချာတာကတော့ ကျမတို့အားလုံး အဲဒိအချိန်တုန်းက အသက်ရူသံတွေက
ယခုချိန်တွေထက် အများကြီး ဖြူစင်ခဲ့ကြတယ်ဆိုတာပါပဲ....။

သူငယ်ချင်းအားလုံးကို လွမ်းဆွတ်သတိရစွာဖြင့်....
ယွန်း..

4 comments:

မျက်မှန်လေး said...

ယွန်းရေ သိုင်းကြတာပေါ့

မြစ်ကျိုးအင်း said...

သူတို့သိုင်းတာစောင့်ကြည့်မယ်...။

ငယ်ဘ၀တွေရဲ့ ရယ်သံတွေကအစ လတ်ဆတ်ရှင်းသန့် နေပါတယ်..။
ကျောင်းသားဘ၀က ပေါက်ကရ အဖြစ်တွေကိုတောင် သတိရသွားပြီ..။

neking said...

ပေါ့ပေါ့ပါးပါးခံစားသွားပါတယ်ခင်ဗျ

သီဟသစ် said...

ယွန်းရေ
ကျောင်းသားဘ၀ အမှတ်တရလေးတွေကို ပျော်ပျော်ရွှင်ရွှင် ဖတ်သွားပါတယ်

စကားမစပ် စာပိုဒ်လေးတွေ ခြားရေးရင် ဖတ်ရတာ ပိုအဆင်ပြေမလားမသိ

ခင်မင်စွာဖြင့်
သီဟသစ်

There was an error in this gadget

About me

Blogger templates